Monday, February 6, 2017

လောက၌ ငါသည် ...

လောက၌ ငါသည် ...
မုန်းခြင်းအားဖြင့်လည်း လူတစ်ယောက်အား၊
ခိုက်ရန်ဒေါသမပွားလို။

ချစ်ခြင်းအားဖြင့်လည်း လူတစ်ယောက်အား၊
ချည်နှောင်မထားလို။

ဝန်တိုခြင်းအားဖြင့်လည်း
ရင်တွင်း မောဟမထားလို။

လွမ်းဆွတ်ခြင်းအားဖြင့်လည်း
ပူဆွေး ၀မ်းနည်းခြင်းမဖြစ်လို။

တမ်းတခြင်းအားဖြင့်လည်း
ရင်တွင်း သောကမရောက်လို။

အို .. ဘုရားသခင်
လောက၌ ငါသည် ...
ချစ်ခြင်း၊ မုန်းခြင်း အလျဉ်းကင်းသောသူ ဖြစ်ရပါလို၏

မင်္ဂလာနံနက်ခင်း ...

မင်္ဂလာနံနက်ခင်း ...
ခါတိုင်းလိုပဲ …
အိပ်ရာထဲက
နိုးထထချင်း
ပြတင်းကိုလှပ်
နံနက်ကို ကြို …
လောကကြီးကို ခွန်းဆက်
မင်္ဂလာနံနက် ဖြစ်ပါစေ … ။

ကောင်းကင်ထက်မှ
စက်စက်ကျနေ
မိုးစက်တွေဟာ
မြေကမ္ဘာကို
မျက်နှာသစ်ပေး
အညစ်အကြေးတွေ ဆေးကြောတယ်။

လန်းဆန်းနုနယ်
စံပယ်ဖြူဖွေး
ကြူကြူမွှေးက
ငြိမ်းအေးရနံ့
ထုံသင်းပျံ့စွာ ဝေဆာတယ်။

ရွက်နုစိမ်းဝေ
မိုးရေစိုစို
ကပိုကရို
ရှက်သွေးပိုတဲ့
အပျိုမလို အလှဖြာတယ်။

မိုးသောက်ရောင်ခြည်
အရှေ့ဆီမှ
ဝါနီအလင်း
အမှောင်ခွင်းကာ
ကမ္ဘာတလွှားကို ဖြန့်ခင်းတယ်။

သစ်ပင်ထက်မှာ
ငှက်ပြာတသင်း
တေးသီချင်းဆို
နေ့သစ်ဦးကို ကြိုကြတယ်။

ချစ်ခြင်း မုန်းခြင်း
ပြုံးခြင်း မဲ့ခြင်း
အလင်း မှောင်မဲ
ဒွန်တွဲဖြစ်ပျက်
ဆန့်ကျင်ဘက်များ
ရှိပါငြားလျက်
အလှမျက်စိ
*ယောနိသော-ထား
ရှုကြည့်ပွားလျှင်
မြင်မြင်သမျှ
လောကကြီးဟာ လှနေမယ်။
***
မင်္ဂလာရှိသော နံနက်ခင်း ပေါင်းများစွာ
ပိုင်ဆိုင်ရပါစေသား … ပိုင်ဆိုင်ကြပါစေသား … ။

Thursday, February 2, 2017

နတ်တော်လဘွဲ့ (လွမ်းချင်း)

နတ်တော်လဘွဲ့ (လွမ်းချင်း)
ရှုလေတိုင်းကိုတဲ့
ဝေမှိုင်းငယ်ဖြာဖြာ
လေညှင်းငယ်လာသည်
ဖော်မပါ တူမစုံလို့
လွှာခြုံဧပြန်တော့တယ်လေး။

ဆဲ့နှစ်ဖြာငယ်၊ ရာသီဓနု
ရွှေဟင်္သာလည်း၊ တာရာပြုလို့
ဇေယျချယ်ဗြဟ္မာ
ဟေမန်ခါမို့
မဟာပိန္နဲ၊ နတ်မင်းပွဲမှာ
ကျွေးမွေးပူဇော်၊ လနတ်တော်ကို
ရှုမြှော်တိမ်ဆီ၊ မိဂသီလဲ၊
ခါညီညဥ့်လယ်
ထွန်းရောင်ချယ်သောခါ
နယ်အမရဦးကင်မှာ
ဂမုန်းအင်သဇင်မင်းငယ်က
သင်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

ပြာသိုလဘွဲ့ (လွမ်းချင်း)

ပြာသိုလဘွဲ့ (လွမ်းချင်း)
တိမ်ခြေငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို
လပြာသိုလ်
နွယ်ခွာညို ကြိုင်ကြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့ လကိုလေး။

ရောင်သိင်္ဂီငယ်
ကြယ်ညီဖုသျှ၊ မကာရမို့
အမရဦးကင်၊ နန်းရင်ပြင်မှာ
လှရင်မြင်းခင်း၊ သဘင်ကျင်းလို့
ရာမင်းထွက်စံ
ဗိုလ်ညီလာခံသောခါ
ဆဒ္ဒန်ပိုင့်ပြောင်မွန်မှာ
အောင်တံခွန် တေဇာမြူးပါလို့
ထူးလှတယ်လေး။

ဘိုးသူတော်ဦးမင်း

တပို့တွဲလဘွဲ့ (လွမ်းချင်း)

တပို့တွဲလဘွဲ့ (လွမ်းချင်း)
ညံလို့သာသဲတော့တယ်
ပေါက်လဲငယ်ပွင့်ရံ
ထိန်ထိန်ငယ်လျှံသည်
ဆက်ရက်သံစာစာနှင့်
ငှက်ညီလာကျင်းတဲ့ လကိုလေး။

ကုံဟေမန်ငယ်
သင်္ကြံန်သွင်းမြဲ၊ တပို့တွဲမို့
မင်းပွဲရွှင်ပျော်၊ ယာဂုတော်နှင့်
ကြွေးကြော်ဆင်ပြင်
လွမ်းဘို့သာ မြင်တော့တယ်
ကောင်းကင်မြင့် တိမ်ဆီမှာ
ကြယ်မာဃီရောင်စုံကျင်းလို့
လင်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

တပါင်းလဘွဲ့ (လွမ်းချင်း)

တပါင်းလဘွဲ့ (လွမ်းချင်း)
မြိုင်ခြေငယ်သင်းပါလို့
အင်ကြင်းငယ် ရွှေဖီ
ဝတ်မှုံငယ်စီသည်
မြစ်နဒီသောင်တခိုက
မောင်မယ်ညိုမြူးပြန်တော့တယ်လေး။

ရာသီမိန်ငယ်
ဂိမှန်ရက်ပြောင်း၊ လတပေါင်းမို့
ရွက်ဟောင်းကြွေခါ၊ ဥတ္တရာနှင့်
ပြုဗ္ဗာပရပိုက်၊ လေးချက်ချိန်ကို
တိမ်ခြေဆိုက်လို့
စရိုက်ကယ်ဘွေရှာ၊ ကိုတံငါလဲ
ဘာသာသောင်တင်
ပျော်မြူးသာ ရွှင်တော့တယ်
သဘင်လခါမှီကို
သဲစေတီ ငွေသောင်ကမ်းက
လွမ်းလှတယ်လေး။

ဘိုးသူတော်ဦးမင်း

တန်ခူးလဘွဲ့ (တေးထပ်)

တန်ခူးလဘွဲ့ (တေးထပ်)
ဆဲ့နှစ်လီ ဒွါရမှာ
ခါမိဿ ရာသီ၊
ယင်းအစ ဦးချီသည်
လတွင်မည် တန်ခူး။
စိတြကြယ်ပြောင်ရယ်
ညဥ့်သန်းခေါင်ကျခါမှမြူး။

နေ့နှင့်ညဥ့် နာရီဝယ်
သုံးဆယ်စီ မကြူး။
နှစ်လုံးညီ တပါဒ်ကူးလို့
နှစ်သစ်ဦး အခါ။
ပန်းဂန့်ကော် ရွှေရင်ကတ်ကယ်တို့
ဖူးပွင့်ချပ် စီလို့သာဖြာ။

ထည့်သုံးဘဝါး ရိပ်ဆာယာမှာ
တူမကွာ မောင်မယ်နွှဲလို့
မြတ်သည့်ပွဲ သင်္ကြန်တော်
တီးခြိမ့်ခြိမ့်ကျော်။
ထီးကမ္ဗု ရိပ်ပျော်ဝယ်
ခေါင်းလျှော်တော် မူမြဲထင့်လေး။

အမတ်ကြီးဦးပေါ်ဦး