Wednesday, November 30, 2016

မကောင်းမှု နှင့် ကောင်းမှု

မကောင်းမှု နှင့် ကောင်းမှု
# မကောင်းမှုကို ပြုသူသည် ဤပစ္စုပ္ပန်ဘဝ၌လည်း စိုးရိမ်ပူပန်ရ၏။
   နောင်တမလွန်ဘဝ၌လည်း စိုးရိမ်ပူပန်ရ၏။
   ပစ္စုပ္ပန်တမလွန် နှစ်ဘဝလုံး၌ စိုးရိမ်ပူပန်ရ၏။
# ထိုသူသည် မိမိ၏ညစ်ညူးသော အကုသိုလ်ကံကြမ္မာကိုမြင်၍
   စိုးရိမ်ပူပန် ရသည်နှင့်အမျှ ပင်ပန်းရ၏။

   ဤလောက၌ လူဟူ၍ဖြစ်လာပြီး အရွယ်ရောက်လာသည်နှင့်တစ်ပြိုင်နက်
   အလုပ်များကို တစ်ခုမဟုတ်တစ်ခု လုပ်ရတော့မည်ဖြစ်၏။
   အလုပ်ကိုလုပ်သောအခါ နှလုံးသွင်းသည်လည်း မလွဲမသွေပါလာမည်ဖြစ်၏။
   ထိုတွင် အလုပ်ပြီးမြောက်မှုသည် ပဓာနမဟုတ်
   နှလုံးသွင်းကောင်းမှုသည်သာ ပဓာနဖြစ်၏။ ထို့ကြောင့်နှလုံးသွင်းသည်
   မိမိလုပ်သောအလုပ်နှင့်ပတ်သက်၍
   ကောင်းသောနှလုံးသွင်းလည်းရှိ၏။ မကောင်းသောနှလုံးသွင်း     လည်းရှိ၏။
   ကောင်းသောနှလုံးသွင်းဟူသည် မိမိ၏ဘဝကို လောကအတွက် အသုံးချခြင်းဖြစ်၏။
   မကောင်းသောနှလုံးသွင်းခြင်းဟူသည် လောကကို
   မိမိဘဝအတွက် အသုံးချခြင်းဖြစ်၏။
   ထို့ကြောင့် လောကကို မိမိဘဝအတွက် အသုံးချရန် ရည်ရွယ်ချက်ဖြင့်
   လုပ်ငန်းများကိုလုပ်ပါက ထိုလုပ်ငန်း၌ ငါ့အတွက်ဟူသော နှလုံးသွင်းသည်
   အမြဲတမ်းလွှမ်းမိုး၏။ ငါဟူသော ခံယူချက် လွှမ်းမိုးသည်နှင့်အမျှ
   လောကအပေါ် လေးစားသောစိတ်များ မရှိတော့။ “မှုစရာလား”ဟူ၍သာ
   ခံယူထားတော့၏။ ထို့ကြောင့် သူ့ဘဝအတွက် အကျိုးရှိမည်ဆိုလျှင်
   ဘာမဆိုလုပ်ရဲ၏။ တရားသည် မတရားသည်ကို သူမမှု သူမှုသည်ကား
   သူ့ဘဝအတွက် သူ ရည်မှန်းထားသော ရည်မှန်းချက် ပြည့်စုံရေးပင်ဖြစ်၏။
   ထိုရည်မှန်းချက်သာ ပြည့်စုံမည်ဆိုလျှင် လောကပါလ ခေါ် လောကကို
   ဖရိုဖရဲ ဖြစ်မသွားအောင် စောင့်ရှောက်တတ်သော ဟိရီနှင့် သြတ္တပ္ပ
   တရားနှစ်ပါးကိုလည်း အလေးမထားတော့ဘဲ သူလုပ်ချင်ရာကို
   ဇွတ်အတင်းလုပ်မည်ဖြစ်၏။
  
   လုပ်ငန်းများကိုလုပ်ရာတွင် ထားရှိရမည့် သဘောထားသုံးမျိုးကို
   မြတ်စွားဘုရားသခင်က ဟောတော်မူထား၏။
   ပထမသဘောထားမှာ....မိမိ၏ သိက္ခာကို မိမိကလေးစားရခြင်းဖြစ်၏။
   တစ်သက်လုံးဖုံးသမျှ ကုန်းခါမှ ပေါ်ဟူသောအဖြစ်မျိုး မရောက်ရလေအောင်
   မိမိ၏ ဘဝတစ်လျှောက်လုံး ထိန်းသိမ်းစောက်ရှောက်လာသော
   ဂုဏ်သိက္ခာများ မိမိ၏မျိုးရိုးစဉ်ဆက် ဂုဏ်သိက္ခာများကို
   လေးစားသော သဘောထားဖြင့် လုပ်ငန်းများကို လုပ်ရ၏။
   ဤသဘောထားကို အတ္တာဓိပတိဟုခေါ်၏။
  
   ဒုတိယထားရှိရမည့် သဘောထားမှာ....လောကာဓိပတိဖြစ်၏။
   လောကာဓိပတိဟူသည် ပတ်ဝန်းကျင်လောကကို လေးစားခြင်းဖြစ်၏။
   ပတ်ဝန်းကျင်လောကတွင် အစဉ်အတိုင်း မိမိ၏ မိသားစု မိမိ၏ ရပ်ရွာ
   မိမိ၏ မြို့နယ် မိမိ၏နိုင်ငံနှင့် ကမ္ဘာတစ်ခုလုံး ပါဝင်၏။
   တစ်နည်းအားဖြင့် ဆိုရလျှင် လူသားအားလုံးပါဝင်၏။
   အမှန်အားဖြင့်  လူတစ်ယောက်သည် လူသားအားလုံး ပါဝင်သော
   လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်လေရာ တစ်ဦးချင်းကောင်းပါမှ
   လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းပေမည်။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်သည်
   ပတ်ဝန်းကျင်လောက၏ ငြိမ်းချမ်းသာယာရေးအတွက် တာဝန်ရှိပါ၏။
   သို့ဖြစ်၍ မိမိနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်လောက၌ နစ်နာမှုမရှိရလေအောင်
   ပတ်ဝန်းကျင်ကို လေးစားရခြင်းဖြစ်ပါ၏။
  
   တတိယထားရှိရမည့် သဘောထားသည် ဓမ္မာဓိပတိဖြစ်၏။
   ဤ၌ ဓမ္မသည် အရာကျယ်၏။ သံသရာတွင်းနှင့်လည်း ပတ်သက်၏။
   သံသရာလွန်နှင့်လည်း ပတ်သက်၏။ လောကနှင့်လည်းပတ်သက်၏။
   လောကုတ္တရာနှင့်လည်း ပတ်သက်၏။ တစ်ဦးချင်းလည်း ပတ်သက်၏။
   လောကတစ်ခုလုံးနှင့်လည်း ပတ်သက်၏။ ထို့ကြောင့် ဆိုင်ရာ ဆိုင်ရာ
   သတ်မှတ်ထားသော ကိုယ်ကျင့်သိက္ခာများ ကုသိုလ်ကောင်းမှုများ
   တရားဓမ္မကျင့်စဉ်များကိုလည်း လေးစားအပ်၏။
   အနက်အဓိပ္ပါယ်အားဖြင့် ဓမ္မဟူသည် ကောင်းသော သဘောကို
   ဆောင်ပါမှ ဓမ္မမည်၏။ မိမိတို့၏ အယူအရ ကောင်းသည်ဟု
   သတ်မှတ်ထားရုံမျှနှင့်တော့ ဓမ္မ မဟုတ်။ ဓမ္မဟူသည် တဏှာ မာန
   ဒိဋ္ဌိတို့ကို ပါးနိုင်သမျှ ပါးအောင် လုပ်နိုင်သော သဘောရှိမှသာ
   စစ်မှန်သောဓမ္မ မည်၏။ ထို့ကြောင့် ဓမ္မာဓိပတိအရ တရားကို
   လေးစားခြင်းဟူသည်မှာ လုပ်ငန်းများကို လုပ်ရာ၌ မိမိ၏ တဏှာ
   မိမိ၏ မာန မိမိ၏ ဒိဋ္ဌိတို့ကို ပါးနိုင်သမျှ ပါးအောင် ဆောင်ရွက်ခြင်းဖြစ်၏။
   တစ်နည်းအားဖြင့် ဆိုရလျှင် မိမိ၏အတ္တကို ပါးနိုင်သမျှ ပါးအောင်
   လုပ်ခြင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အတ္တဟူသည်
   တဏှာဖြင့် စွဲသောအတ္တလည်းရှိ၏။ မာနဖြင့်စွဲသော အတ္တလည်းရှိ၏။
   ဒိဋ္ဌိဖြင့်စွဲသော အတ္တလည်းရှိ၏။ သို့ဖြစ်၍ အတ္တပါးလျှင် တဏှာ မာန ဒိဋ္ဌိ
   တို့လည်း အထိုက်အလျောက် ပါးသောကြောင့် ဓမ္မာဓိပတိအရ အတ္တပါးအောင်
   လုပ်ခြင်းသည် တရားကို လေးစားခြင်းမည်၏ဟု ဆိုခြင်းဖြစ်၏။

   မိမိ၏ ဘဝသက်တမ်းတစ်လျှောက် လုပ်ငန်းများကို လုပ်ရာတွင်
   ဓမ္မာဓိပတိသဘော ပါဝင်မှု ရှိ မရှိကို သေခါနီးကာလ၌ ပြ၏။
   သေခါနီးကာလတွင် ကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ် တည်းဟူသော
   နိမိတ်သုံးပါးတို့တွင် တစ်ပါးပါးသည် မလွဲမသွေ ထင်ရ၏။
   ကံသည် ဓမ္မနိယာမအရ မိမိနှင့်တူသောအကျိုးကိုပေး၏။
   ကံကို လိမ်ညာ၍မရ။ မိမိအနေဖြင့် မိမိလုပ်သော အမှုကို
   ပုထုဇဉ်တို့၏ ဓမ္မတာအရ အကောင်းဟူ၍ချည်း ထင်လေရာ
   မိမိ၏အထင် မှန် မမှန်ကို သေခါနီးကာလ၌ သိရ၏။      ။

                                                  ဦးရွှေအောင်-ဓမ္မပဒ

အားလုံးကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍ ကျန်းမာချမ်းသာကြပါစေ။

သစ္စာ ရှင်​ at 6:25 PM

No comments:

Post a Comment