ဆန္ဒနှင့်လောဘ ဘယ်လိုကွာသလဲ
ဆန္ဒနှင့် လောဘ (တဏှာ, ရာဂ) ဘယ်လို ကွာခြားပါလိမ့်❓
➖➖➖➖➖➖➖➖➖➖➖
စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသည့် အဘိဓမ္မတရား လေးပါးထဲက စေတသိက် (စိတ်ကို မှီးပြီးမှ ဖြစ်ရတဲ့) တရား ၅၂-ပါးရှိပါတယ်။ ယင်းတို့ထဲမှာ “ဆန္ဒ- (အာရုံ တစ်ခုခုကို လိုလား, လိုချင်, ရှာမှီးခြင်း)နှင့် လောဘ- (လိုချင်, တပ်မက်, နှစ်သက်ခြင်း) ဟူသည့် တရား ၂-ပါးရှိ၏။
ဆန္ဒဆိုတာက ကောင်း, မကောင်း ကုသိုလ် အကုသိုလ် ၂-မျိုး စလုံးမှာ ပါဝင်လေ့ရှိတယ်။ လောဘကတော့ မကောင်းတဲ့ အကုသိုလ်မှာပဲ ပါဝင်လေ့ရှိတယ်။
၎င်းတရား ၂-ပါးသည် ‘လိုချင်, လိုလားတာခြင်း’ သဘောတရားခြင်း တူနေကြရာ, ဘယ်လို ကွဲပြားအောင် မှတ်ကြမလဲ?
ဒီအကြောင်း ရှင်းရှင်းလေး မှတ်သားနိုင်ဖို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ကြီးက သူ့ရဲ့ “အတားနှင့်အသွား အားပြိုင်ပွဲ” စာအုပ်မှာ အတား (နီဝရဏ)တရားထဲက ‘ကာမစ္ဆန္ဒနီဝရဏ’ နှင့် ဆက်စပ်ကာ ရှင်းပြထားကို ဓမ္မဒါန အဖြစ် ပြန်လည်ကာ ရှယ်ယာလိုက်ပါတယ်။
ကာမစ္ဆန္ဒဟူသည် လိုချင်ဆန္ဒကို ဆိုချေ၏။ စာ၌ ကာမဂုဏ် အာရုံများကို ခုံခုံမင်မင် လိုချင်နှစ်သက်မှုကို ‘လောဘ’, ထိုကာမဂုဏ် အာရုံတို့၌ တွေ့တုန်းကြိုက်မှုကို ‘ဆန္ဒ’ဟူ၍ လောဘနှစ်ကိုယ်ခွဲအားဖြင့် ဖွင့်ဆိုထားချေ၏။
သို့ကြောင့် ‘ကာမစ္ဆန္ဒ’ဆိုသည်မှာ လိုချင်ရုံမျှကိုဆိုသဖြင့် အသေးစား ‘လောဘ’ ဆိုရ၏။ ၎င်းသည် တွေ့ရာ မြင်ရာတိုင်းတို့၌ မရမီ တွေ့မြင်ကာစ ဖြစ်ပေါ်တတ်သဖြင့် ‘လောဘပေါက’ ဟူ၍ လည်းကောင်း, ‘လောဘသား’ ဟူ၍ လည်းကောင်း သုံးနှုန်းရပြီး၊ လောဘကြီးကား တွေ့မြင်မိရာ၌ တတမ်းတတ မရမကဖြင့် အပိုင်ကြံရာ၌ ဖြစ်ပေါ်တတ်သဖြင့် ‘လောဘကြီး’ ဟူ၍ လည်းကောင်း, ‘လောဘဘိုးအေ’ ဟူ၍ လည်းကောင်း သုံးနှုန်းရ၏။
ဆန္ဒသည် ခံစားလိုရာတိုင်း၌ ပါဝင်ပြီး လောဘသည်ကား ခံစားလိုရာတိုင်းတို့၌ မပါဝင်ချေရကား ဤတရားအရသာ ခံစားလိုရာ ဖြစ်သော တရားရလိုမှု၌ ထိုလောဘပေါက်စ၏ အနှောင့်အယှက်မှကား မကင်းသေးပြီ။
ထိုလောဘပေါက်စခေါ် လောဘ၏ သားထွေးသည်ကား....
ဆိုပါစို့! ကလေးအရွယ် လူမမယ်တုန်းက ကလေးပျော်နည်း နိသျည်းဖြစ်သော လူရုပ်, နွားရုပ်, ဇီးကွက်ရုပ်, ယောကျာ်းရုပ်, မိန်းမရုပ်ကလေးများဖြင့် ခံစားလို၍ ဆန္ဒပြုကြ၏။
တစ်ဖန် လူမှန်း သိတတ်လာသဖြင့် သွေးစကား ပြောလာသောအခါတွင်ကား အရုပ်လူကို လက်လွှတ်လျက်က အဟုတ်လူဖြင့် ဆော့လို၍ ဆန္ဒပြုပြန်ချေ၏။ထိုမှ ၎င်းဆန္ဒအတိုင်း အဟုတ်လူကို ယောကျာ်းဖြစ်က ပျော်ပါးဖက် မိန်းမ, မိန်းမဖြစ်က ပျော်ပါးဖက် ယောကျာ်း ပေးစားလိုက်သောအခါ ထိုစိတ်ကူးဖြင့် ဖြစ်သောဆန္ဒမှ တစ်ဆင့် ခြေကုန်, လက်ကုန် ဆော့လိုက်သော ‘လောဘ’ ဝင်ရောက်လာကာ ကမ်းကုန်လမ်းကုန် အသရမ်းစုံဖြင့် ပျော်ပါးစေကြချေကုန်၏။
ကလေးဘဝ အရုပ်မျှဖြင့် ကစားလျှင် ကစားသူသည်သာ ပင်ပန်းရ၏။ အကြောင်းကား မဟုတ်။
လူရွယ်ဘဝ အဟုတ်လူဖြင့် ကစားလျှင် အမောသာ အဖတ်တင်, အမြတ်ကား ဘာမျှ မကျန်။
သို့ကြောင့် အပျော်ကို စိတ်ကုန် လာပြီ။ ကစားနေရခြင်းကို ငြီးငွေ့လာပြီ။ အပျော်ကား အပျော်သို့ မေးတင်၏။ ကစားမှုကား ရမ္မက်သို့ တွန်းပို့၏။
ထိုအပျော်, ထိုကစားမှုအစား အပျော်မှ အပါးမဟုတ်ဘဲ, အပျော်မှ မော်ရအောင် ကစားမှ မတရား မလုပ်, မော်အောင် ကစားမှ တရားအထုတ် ထိမိအောင်ဆိုကာ လူကြီးတို့၏ စိတ်အစားအစာဖြစ်သော တရားရှာစဉ်ကာလတွင်ကား ထိုဆန္ဒသည် မယားရလိုမှုမှ ပြောင်းတဲ့ကာ တရားရလိုမှုသို့ ဝင်ရောက်လာချေတော့၏။
မျက်စိလျင်သော ပွဲစားကောင်းနှင့် တူ၏။ ထိုပွဲစားကောင်းသည် သင်္ကြန်ပွဲ ဘာရောင်းလျှင် သွက်မည်၊ ငါ့ဖို့ သေချာသည်။ ဝါဆိုလျှင် ဝါဆိုပစ္စည်း, သီတင်းကျွတ်လျှင် သီတင်းကျွတ်နှင့် ထိုက်တန်ရာ, တဖန် ကုလားဒေသ ကုလားအသုံးအဆောင်, ဗမာတို့နေရာ ဗမာ့အကြိုက်, တရုတ်သိုက်၌ တရုပ်တို့အလိုက် ရောင်းဝယ် ဖောင်းကားလျက်က ကိုယ့်တွက်များများ စုဆောင်းဘိသို့ ပမာတူ၏။
ထိုရလိုမှု အားကြီးနေသမျှ သမာဓိကျင့်စဉ် (ဈာန်)တို့ ရှေ့မတိုးနိုင်ချေ။ အသိစိတ်တို့ ရလိုမှုတွယ်ကပ်နေသမျှ ဈာန် (သမာဓိ)များ မဝင်သာသဖြင့် ဈာန် (သမာဓိ)ဟူ၍ ပေါ်မလာချေပြီ။
ကောက်ချက်ချကြည့်တော့...
ကလေးဘဝက သက်မဲ့ အရုပ်ကလေးများ လိုချင်မှုမျိုးနှင့် လူအိုဘဝရောက်လာတော့ တရားရလိုမှုမျိုးက “ဆန္ဒ”။
လူလတ်ပိုင်း သက်ရှိ ယောကျာ်းရုပ်, မိန်းမရုပ် လိုချင်မှုမျိုးက “လောဘ” (တဏှာ, ရာဂ)။
____________________________
ဓမ္မဗဟုဿုတဒါန- Ashin Sirind
No comments:
Post a Comment