Sunday, December 25, 2016

သူ မကောင်းတိုင်း ကိုယ်ဆိုးမှာလား

သူ မကောင်းတိုင်း ကိုယ်ဆိုးမှာလား

"သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ" တို့။ "မှန်လိုပဲ ကျင့်ကြံမယ်" တို့။
"ဂျင်းစိမ်းနဲ့ မြိတ်သလင်၊ သူကြင်မှ ကိုယ်ကြင်" တို့။
.
အဲဒီ့စကားတွေနဲ့ ကျနော်တို့နဲ့ အတော်ကို ရင်းနှီးခဲ့ရတယ်။ သဘောက သူကောင်းမှ ကိုယ်ကောင်းမယ်။ သူဆိုးရင် ကိုယ့်ဘက်က မကောင်းနိုင်ဘူးပေါ့။
ဒါပေမယ့် သေချာပြန်စဉ်းစားရင် ဒီအတိုင်းသာ မကောင်းတဲ့သူတိုင်းကို မကောင်းသလို တုံပြန်နိုင်ရင် လောကကြီးမှာရှိတဲ့သူတော်တော်များများက လူဆိုးတွေ (မကောင်းတဲ့သူတွေ)
လိုပဲ ဖြစ်နေလိမ့်မယ်ဗျ။ (ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်ကြီးမှာ မကောင်းတဲ့သူတွေကလည်း အပေါသားလေ။ သူတို့မကောင်းတဲ့အတိုင်း ကိုယ်က ထပ်တူတုံပြန်မယ်ဆိုရင်
ကိုယ်လည်း မကောင်းတဲ့သူစာရင်း ဝင်သွားလိမ့်မှာပေါ့။)
.
တစ်နေ့တုန်းက ရန်ကုန်မြို့ထဲက ကားပါကင်ရပ်တဲ့ကိစ္စလေး ဝေမျှပါဦးမယ်။ ရန်ကုန်ရဲ့ ထုံးစံအတိုင်း မြို့ထဲမှာဆို ကားတစ်နေရာစာ ရပ်စရာရဖို့ဆိုတာ
အင်မတန် ခက်တဲ့ကိစ္စဗျ။ ကားရပ်တဲ့ကိစ္စ၊ ကားပါကင် နေရာဦးတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ခဏခဏပြသနာတက်ကြတယ်။ တစ်ခါတစ်လေဆို ရန်ဖြစ်တာတွေတင်မကဘဲ
ကားမှန်တွေ ရိုက်ခွဲရန်ရှာတာတွေ၊ ကားဘီးဖောက်ထားခဲ့တာတွေ ဆိုတဲ့ဖြစ်ရပ်တွေကလည်း မကြာဆိုသလိုပဲ။ (တစ်ခါတုန်းကဆို လူသတ်မှုဖြစ်ခဲ့တဲ့အထိတော့ ဖြစ်ဖူးတယ်ဗျ။)
ကားပိုင်ရှင်တွေဘက်ကလည်း ကြည့်ရင် စည်ပင်ပိုင်တဲ့လမ်းမှာ အဆင်ပြေသလို ရပ်တယ်ဆိုတာ ဖြစ်သင့်တယ်ပေါ့။ အိမ်ပိုင်ရှင်တွေဘက်ကကြည့်တော့ သူတို့အိမ်ရှေ့မှာ သူများကားက
တစ်နေကုန် တစ်နေခမ်းရပ်တယ်၊ ကိုယ့်ကားကိုယ် ရပ်မရဖူးဆိုတာ သည်းမခံနိုင်ဘူးပေါ့။ (အဲ့ဒါနဲ့တင် ပြသနာတက်ကြတာပါ)
.
ဒီလိုနဲ့တစ်နေ့ကျတော့ ကျနော်လည်း မြို့ထဲမှာ ကိစ္စလေးတစ်ခုရှိတော့ လွတ်နေတဲ့နေရာတစ်ရာမှာ ရပ်လိုက်တယ်။ ရပ်လိုက်တဲ့နေရာကလည်း ချောင်နည်းနည်းကျတယ်။
(ယာဉ်သွား ယာဉ်လာတွေ ရပ်လေ့ရှိတဲ့ နေရာမျိုးမဟုတ်ဘဲ၊ တိုက်ပိုင်ရှင်တွေလောက်ပဲ ရပ်လေ့ရပ်ထရှိမယ့် နေရာမျိုးပေါ့။) ဒါပေမယ့် လိုရမယ်ရဆိုပြီး ကျနော့်ရဲ့ဖုံးနံပါတ်လေးကို
ဘုတ်ပြားလေးနဲ့ ရေးပြီး မှန်ရှေ့မှာ ကပ်ထားခဲ့လိုက်တယ်။ အကြောင်းတစ်ခုခုရှိရင် ဖုန်းဆက်လို့ရအောင်ပေါ့။ (ကားမှန်ရိုက်ခွဲတာမျိုးတွေ၊ ဘီးဖောက်ခဲ့တာမျိုးတွေ ဖြစ်မှာတော့ ကြောက်ရတယ်လေ။)
.
ဒါနဲ့ပဲ ရပ်ထားခဲ့ပြီး နှစ်နာရီလောက်ကြာတော့ ကျနော့်ဆီ ဖုန်းနံပါတ်အစိမ်းတစ်ခု ဝင်လာတယ်။ သူ့အိမ်ရှေ့မှာ ကားရပ်ထားတာလေး ဖယ်ပေးဖို့ ပြောတာပါ။
ဖုန်းထဲမှာ အသံကလည်း ပြတ်တောင်း ပြတ်တောင်းဖြစ်ပြီး အသံကလည်း မာဆတ်ဆတ်နိုင်တယ်ဗျ။ ကျနော့်စိတ်ထဲမှာတော့ ဒီလူ ငါ့ကို မချေမငံပြောနေပြီ ရန်ဖြစ်ရဦးမလားမသိ ဆိုပြီး တထင့်ထင့်ပေါ့။
ကားကို ပြန်သွားဖယ်ပေးတဲ့အထိ ကိုယ့်ကိုယ်ကို ကောင်းကောင်းပြင်ဆင်ထားလိုက်တယ်။ ဒီလူ တစ်ခုခု ရန်လုပ်ရင်တော့ ဘယ်လိုတုံ့ပြန်ရင်ကောင်းမလဲဆိုပြီး စဉ်းစားရင်းပေါ့။ (ကိုယ့်မျက်စိရှေ့မှာလည်း ဒါမျိုးနဲ့
ခဏခဏ ရန်ဖြစ်ကြတာကိုး။)
.
ဆယ်မိနစ်လောက်အတွင်း ကားရပ်ထားတဲ့နေရာကို ရောက်အောင်သွားလိုက်တယ်။ ကျနော့်မျက်နှာကိုလည်း အတတ်နိုင်ဆုံး အေးခဲထားမိတယ်။ ကျနော် ထင်တာက
ဒီလူက ဖုန်းထဲမှာ စကားပြောတာ မချေငံလှဘူး၊ သွားပြီး ပြုံးပြနေစရာမလိုလောက်ဘူးပေါ့။ ဒါပေမယ့် တကယ်တမ်း ကားဆီကို ရောက်တဲ့အခါမှာတော့ ကျနော်ထင်ထားတာနဲ့
တက်တက်စင်အောင် လွဲပါလေရော။ ကျနော်တောင် ခပ်လှမ်းလှမ်းပဲရှိသေးတယ်၊ အဆိုပါလူက ဟက်ဟက်ပက်ပက်ကို ပြုံးပြနေတာ။ အနားရောက်လာတော့မှ "ကျေးဇူးပါ အစ်ကို" တဲ့။
ဒီတော့မှ ကျနော်လည်း "ကားရပ်ထားခဲ့မိတာ Sorry ပါလို့" ပြန်တောင်းပန်မိတယ်။ နှစ်ဦးနှစ်ဖက်က အဆင်ပြေလို့။ (ထင်တာတော့ ဒီလူက ဖုန်းထဲမှာ စကားပြောရင် မာဆတ်ဆတ်ပြောတတ်တဲ့ အကျင့်ရှိတာလားမသိဘူး။
တစ်ချို့တွေ ဖုန်းပြောရင် တစ်မျိုးကြီးပဲလေ။) (တကယ်ဆို ကျနော်ကလည်း လက်လွတ်စပယ် ရပ်ခဲ့တာမဟုတ်ဘူး၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ထားခဲ့ပြီး အဲဒီ့နားတစ်ဝိုက်မှာပဲ ရှိနေခဲ့တယ်။ သူကလည်း ဆယ့်ငါးမိနစ်လောက်
ကျနော့်ကို ပြန်စောင့်ပေးတယ်။ ဒါ နှစ်ဘက်လုံးရဲ့ အဆင်ပြေစေမယ့် တုံပြန်မှုတွေလိုတော့ ထင်တယ်။)
.
ဒီမှာတင် ကိုယ့်ကိုယ်ကို ပြန်ပြီးသုံးသပ်ခဲ့မိတာက "ငါ မှားသွားတယ်" ပေါ့။ တစ်ဖက်က မကောင်းတဲ့တုံပြန်မှုအရိပ်အယောင်မြင်တာနဲ့ ကိုယ်ကလည်း မကောင်းသလို တုံပြန်ဖို့ ပြင်ဆင်နေမိတယ်။
တစ်ဖက်က ကောင်းတဲ့ တုံပြန်မှုရမှ ကိုယ်ကလည်း ကောင်းသလို တုံပြန်လိုက်ရတယ်ပေါ့။ ပြောရရင် ခုနကပြောခဲ့တဲ့ "မှန်လိုပဲ ကျင့်ကြံမယ်" ဆိုတဲ့ စကားပုံတွေလို ဖြစ်နေခဲ့တာပေါ့။
.
တကယ်ဆိုရင် သူကောင်းတယ်ဖြစ်စေ၊ မကောင်းဘူးဖြစ်စေ၊ ကိုယ်က လူကောင်းတစ်ယောက်လိုပဲ တစ်သတ်မှတ်တည်း ပြုမူသင့်တယ်။
သူကောင်းမှကောင်းမယ်၊ သူမကောင်းရင် မကောင်းဘူးဆိုတဲ့ စိတ်ဓါတ်က ကိုယ့်ရဲ့ဖြစ်တည်မှု (ကောင်းမှု၊မကောင်းမှု) ကို တစ်ခြားတစ်ယောက်အပေါ်မှာ မူတည်လိုက်ရသလို ဖြစ်နေတယ်။
.
ကိုယ်လူကောင်းတစ်ယောက်ဖြစ်ဖို့ တခြားတစ်ဖက်က ကောင်းပေးမှရယ် မဟုတ်ပါဘူး။။ ကိုယ့်စိတ်ထဲမှာကိုက လူကောင်းတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကျင့်ကြံပြုမူနိုင်ဖို့ လိုပါတယ်။
တစ်ဖက်က ဆိုးလို့ ကိုယ်ကလိုက်ဆိုးမယ်ဆိုရင် အရမ်းကို မှားယွင်းတဲ့ အပြုအမူတစ်ခုဖြစ်သွားပါလိမ့်မယ်။
.
ကိုယ့်လူတို့အားလုံးလည်း .. ဆင်ခြင်နိုင်ကြပါစေ။ လောကမှာ ဆိုးတဲ့အပြုအမူပိုင်ရှင်တွေ အများကြီးရှိနေနိုင်တဲ့အတွက် သူတို့ပြုမူတဲ့အတိုင်းက ကိုယ်ကပြုမူမယ်ဆိုရင် ကိုယ်လည်းပဲ လူဆိုးတစ်ယောက် ဖြစ်မှန်းမသိ
ဖြစ်သွားပါလိမ့်မယ်။
  Ref: (Focus Youth)

No comments:

Post a Comment