ငါ့အပြန်လမ်း ခရီးကြမ်း
သည်မြေဝသုန်၊ နွေအဟုန်လျှင်
ကြွေကုန်ရော်ရွက်၊ ပင်ယံထက်ဝယ်
ကိုင်းခက်ထွေလာ၊ ရိုးကန်သာရှိ
ဇရာဖိပြီ အလီလီ။
သည်မြေဝသုန်၊ မိုးပဇ္ဇုန်လျှင်
ဖူးငုံဝေစ ၊ ပန်းလှလှနှင့်
စိမ်းမြဝေဆာ၊ မိုးဒေဝါသည်
ခါခါမာန်ဖီ၊ အလီလီ။
သည်မြေဝသုန်၊ ဆောင်းဝတ်မှုန်လျှင်
မွှေးထုံနံ့သင်း၊ မာလာမင်းနှင့်
ငွေနှင်းသဇင်၊ ချစ်ကြွမ်းဝင်ပြီ
ဆောင်ပင်ရာသီ အလီလီ။
တစ်နွေတစ်မိုး၊ တစ်ဆောင်းတိုး၍
သည်ပိုးရရှာ၊ ငါ့ခန္ဓာသည်
ရင့်ကာအိုမှု၊ ဇရာထုကြောင့်
ရုပ်နုကုန်ခမ်း၊ ရောဂါပြွန်းလည်း
တတ်စွမ်းသမျှ၊ ကုခဲ့ရ၏။
အော် _ ဇာတိအစ၊ သန္ဓေရသော်
ဒုက္ခအလယ်၊ အိုခြင်းနယ်မှ
ကြောက်ဖွယ်လုံးလုံး၊ နာမဆုံးဘဲ
နိဂုံးကာလ၊ မရဏဟု
ငါ့အပြန်လမ်း၊ ခရီးကြမ်းဝယ်
ဖြတ်သန်းရမှာ ငါသည်သာ။ ။
အဂ္ဂလွင်(မြောင်းမြ
Thursday, December 29, 2016
ငါ့အပြန်လမ်း ခရီးကြမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment