Sunday, December 25, 2016

ဆိတ်ဆိတ်နေခြင်းဟာ တကယ်ပဲ ထောင်တန်ပါရဲ့လား

ဆိတ်ဆိတ်နေခြင်းဟာ တကယ်ပဲ ထောင်တန်ပါရဲ့လား
စကားအရမ်းများလွန်းရင် မကောင်းတာဘူး။ စကားနည်းတာဟာ ရန်စဲတယ်။ ကိုယ့်အတွက် အကျိုးကျေးဇူးများတယ် ဆိုပြီးတော့ ရှေးလူကြီးတွေက ဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် “ဆိတ်ဆိတ်နေ ထောင်တန်’ ဆိုတဲ့ စကားပုံ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ “ဆိတ်ဆိတ်နေ ထောင်တန်” ဆိုတဲ့ စကားပုံဟာ အမြဲတမ်းတော့ မမှန်ကန်ပါဘူး။ အထူးသဖြင့် ပြဿနာ တချို့ကို ရင်ဆိုင်ကိုင်တွယ် ဖြေရှင်းရာမှာဖြစ်ပါတယ်။ သူငယ်ချင်း ပြဿနာ၊ အချစ်ရေး ပြဿနာ၊ အိမ်ထောင်ရေး ပြဿနာ၊ မိသားစု ပြဿနာ အတော်များများမှာ ဘာမှမပြောခြင်းဟာ တစ်ခါတစ်ရံမှာ ကောင်းပေမဲ့ တစ်ခါတစ်ရံမှာ ဘေးထွက်ဆိုကျိုးမြောက်မြားစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ စကားမပြောပဲ နေတယ်ဆိုတာ ဥပေက္ခာ ပြုတာလည်း ဖြစ်သလို အဖက်မလုပ်ချင်ဘူးလို့ ဆိုလိုတဲ့ သဘော ဖြစ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် မယဉ်ကျေးတာ၊ မရင့်ကျက်တာ၊ စိတ်ဆိုးတာ ဆိုတဲ့ သဘောတွေလည်း သက်ရောက်သွားစေနိုင်ပါတယ်။

အိမ်မှာ ပြဿနာတွေ၊ စိတ်မချမ်းသာ စရာတွေ နဲ့ ကြုံတွေ့မိတဲ့ အခါ အလုပ်ကို အဲ့ဒါတွေ ယူလာတတ်တာတွေ့ဖူးပါ သလား။ ဒါမှမဟုတ် ကိုယ့်မိတ်ဆွေနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကို အိမ်ထောင်ဖက် အပေါ် အပြစ်ပုံချတာ မြင်ဖူးပါ သလား။ ဒါမျိုးကိစ္စတွေ ဖြစ်လာတဲ့ အခါ သူဟာ မရင့်ကျက်သေးဘူးလို့ ဘေးလူတွေ မှတ်ချက်ချလေ့ရှိပါတယ်။ ဒီလိုမျိုး ဘာမှမဆိုင်တဲ့ ပြဿနာ ကို တခြားသူတစ်ယောက်ဆီ အပြစ်ပုံချနည်း အမျိုးမျိုးရှိရာမှာ အတွေ့ရအများဆုံးကတော့ စကားမပြောတော့တာ ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ညစ်တဲ့ အချိန် ဘာမှမပြောပဲ သီးသန့်နေချင်တာမျိုးတွေ ရှိတတ်ပေမယ့် တစ်ခါတစ်ရံမှာ ဒါက မိမိကိုယ်ကို သာမက ဘေးပတ်ဝန်းကျင်ကိုပါ အနှောင့်အယှက် ဖြစ်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ တုံ့ပြန်ပုံက ပုံမှန်အတိုင်းမဟုတ်ပဲ စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့ အသွင်မျိုးဖြစ်သွားတာ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာတွေအများကြီး ရင်ဆိုင်နေရတဲ့ အချိန်မှာ အကောင်းဆုံးက ဘာစကားမှမပြောတာ မဟုတ်ပါဘူး။ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ဦးဦးကို ရင်ဖွင့်ခြင်းသာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ ကျတော့ စကားမပြောပဲနေခြင်းအားဖြင့် ဥပေက်ခာ လုပ်လိုက်တာ မျိုးတွေရှိတတ်ပါတယ်။ စိတ်အခန့်မသင့် တဲ့ အချိန်တွေကျရင် စကားမပြောတော့တာမျိုး ဖြစ်တတ်ပါတယ်။ အလုပ်ခွင်ထဲမှာဆိုရင် ဒါဟာ မိမိလုပ်ဖော်ကိုင်ဖက်ကို မလေးစားတဲ့ သဘောသက်ရောက်ပါတယ်။ အလုပ်ကိုပါထိခိုက်လာနိုင်တဲ့ အတွက် စကားမပြောပဲ ကြာကြာနေလေ မကောင်းလေ ဖြစ်လာမှာပါ။ တောင်းပန်စကားပဲ ဖြစ်ဖြစ်ပြောပြီး စကားမပြောဖြစ်တာ ကို ဖြေဖျောက်သွားရပါမယ်။

သူငယ်ချင်း၊ အချစ်ရေး နဲ့ အိမ်ထောင်ရေးပြဿနာ တွေ ဖြစ်ပေါ်လာရင် စကားမပြောဖြစ်ခြင်းက တစ်ဖက်သားကို စိတ်ဒဏ်ရာ ဖြစ်စေနိုင်တဲ့ အပြင် စိတ်ဖိစီးမှုလည်း ဖြစ်သွားစေနိုင်ပါတယ်။ အဲ့ဒီအခါ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိ၊ အသုံးမကျတဲ့ ဘဝတစ်ခု အဖြစ်ထင်မြင်သွားစေပြီး စိတ်ဓာတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အပြုအမူတွေနဲ့ အကျင့်စရိုက်တွေလည်း ပြောင်းလဲသွားတတ်ပါတယ်။ စိတ်ထဲမှာ မိမိကိုယ်ကို မကောင်းမြင်တာ အလွန်များလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားတတ်ပါတယ်။ မှားရင် မှားတယ် ဆိုတာကို သေချာရှင်းပြပြောဆိုမှု မရှိပဲ ဥပေက္ခာ ပြုထားတာဟာ လူတစ်ယောက်ကို ဆွဲနှစ်လိုက်သလိုပါပဲ။ အဆိုးဆုံး အခြေအနေမှာဆိုရင် ဆက်ဆံရေးကိုတောင် လုံးဝ အဖတ်ဆည်မရအောင် အထိ ပျက်ပြားသွားစေနိုင်ပါတယ်။

ဒါကြောင့် ဘယ်လို ဆက်ဆံရေးမျိုးပဲ ဖြစ်ပါစေ စိတ်အခြေအနေ တည်ငြိမ်မှုရှိနေတဲ့ အချိန်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာနဲ့ ပက်သက်ပြီး တိုင်ပင်ဆွေးနွေးတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ပြဿနာကို ပြဿနာ အတိုင်းထားလိုက်လို့မရပါဘူး။ မထင်မှတ်ထားပဲ ပြဿနာ ငယ်ငယ်လေး ဟာ အလွန်ကြီးမားတဲ့ ကံကြမ်မာ အလှည့်အပြောင်း တစ်ခု ဖြစ်သွားနိုင်ပါတယ်။
Ref:ayesay

No comments:

Post a Comment