Sunday, December 25, 2016

“အလုပ်ရှင် နှင့် အလုပ်သမားစိတ်ကောင်းထား”

“အလုပ်ရှင် နှင့် အလုပ်သမားစိတ်ကောင်းထား”-
မြတ်စွာဘုရားကို ကိုးကွယ်တယ် ဆိုတဲ့ နေရာမှာ အတိုင်းအတာတစ်ခု ရှိတယ်။ အဲဒီ အတိုင်းအတာကို စာပေကျမ်းဂန်မှာ ဘယ်လိုဖော်ထားတုန်းဆိုတော့ “ဟိတေ ပဝတ္တနေန အဟိတာစ နိဝတ္တနေန”တဲ့။ အကျိုးစီးပွားတွေကို ဖြစ်ထွန်းစေတယ်။ အခြေအနေကောင်းတွေကို ဖန်တီးပေးတယ်။
အခြေအနေ မကောင်းစေတတ်တဲ့အရာတွေက နေပြီးတော့ ဖယ်ရှားပေးတယ်။ ဒါတစ်ခုပဲ လုပ်နိုင်တယ်။
ဆိုပါစို့။သစ်ပင်စိုက်တဲ့လူလိုပဲ၊ သစ်ပင်စိုက်တဲ့သူက သစ်ပင်သီးအောင်၊ ပွင့်အောင် မတတ်နိုင်ဘူးလေ။
သူလုပ်ပေးတာ ဘာလုပ်ပေးတုန်းဆိုရင် အေး၊ မြေဩဇာထည့်ပေးမယ်။ရေလောင်းပေးမယ်။
ပိုးမျှင် တွေဘာတွေ ဖယ်ရှားပေးမယ်။ တိရစ္ဆာန်တွေ မနှောင့်ယှက်အောင် ခြံခတ်ပေးမယ်။ဒါပဲ လုပ်ပေးနိုင်တာ မဟုတ်လား။ သစ်ပင်က သူ့ဟာသူ ဝေဆာပွင့်သီးတာ။ ကိုယ်လုပ်တာ မဟုတ်ဘူးလေ။ သူ့ဟာသူ အကြောင်းတရားတွေက သူ့ဟာသူလုပ်သွားတာပဲ။ အဲဒီတော့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုက အဲဒီလောက်ပဲရှိတယ်။ မြတ်စွာဘုရား လုပ်တာလည်း အဲဒီလိုပဲ။
သတ္တဝါတွေ ကောင်းကျိုးချမ်းသာ တွေရအောင် လာဆိုပြီးတော့ ဆွဲခေါ်ပြီး မ,လို့ ရမလား၊ မရဘူး။
ဘုရားက ဘာလုပ်ပေးနိုင်တုန်းဆိုရင် “အေး၊ မင်းတို့ ဒီအကုသိုလ်အလုပ်တွေ မလုပ်ကြနဲ့။
ကုသိုလ်တွေ လုပ်ကြ”။ ဒါက “ဟိတော ပဝတ္တနေန အဟိတာ စ နိဝတ္တနေန” နော်။ ဟိတ လို့ ဆိုတဲ့
အခြေအနေ ကောင်းတွေကို ဖြစ်ပေါ်စေတတ်တဲ့ ကုသိုလ်တရားတွေကို ကိုယ့်သန္တာန်မှာဖြစ်အောင်လုပ်။
ဒီကုသိုလ် တရားတွေကမှ ကိုယ့်ကို ကောင်းကျိုး ချမ်းသာတွေ ဖြစ်စေမှာလို့ ဆုံးမတာ။
ဒီ့ထက် လက်တွေ့ကျတဲ့တရား ဘယ်ရှိမလဲနော်။ ဘုရား တရားတော်ဟာ ဘယ်တော့မှ မှားတာလည်း
မရှိဘူး။အစဉ်အလာကို ဟောတာလည်း မဟုတ်ဘူး။ တကယ့်လက်တွေ့ကို ဟောတာ။
“အဟိတာ စ နိဝတ္တနေန”အေး၊ အကုသိုလ်တွေ လုပ်နေလို့ရှိရင် ဒီလို ဒီလို ဆိုးကျိုးတွေ ရလိမ့်မယ်။
အကုသိုလ်တွေကို မလုပ်ကြနဲ့။ ရှောင်ကြ။ ဒါ အခြေအနေဆိုးတွေ မဖြစ်ပေါ်အောင်
တားပေးတာပဲ။ ကဲ၊ မိဘတွေက သား သမီးတွေကို ပြောတာလည်း ဒါပဲမဟုတ်လား။ ဘယ် မိဘပဲဖြစ်ဖြစ်၊ဗုဒ္ဓဘာသာကို ကြည်ညိုတဲ့ မိဘပဲဖြစ်ဖြစ်၊ဘာသာခြား မိဘပဲဖြစ်ဖြစ်
သူ့သားသမီးတွေကို ပြောလို့ ရှိရင် “ဟေ့၊ ဒါမလုပ်နဲ့။ဒါလုပ်” ဒီနှစ်ခုပဲ ပြောတာပဲလေ။
ခြုံငုံကြည့်လိုက်လို့ ရှိရင် “မင်း ဒီလို မပြောနဲ့။ ဒီလိုပြော၊ ဒီ အလုပ်မလုပ်နဲ့။
ဟိုအလုပ်ကို လုပ်” ဒါပဲပြောလို့ ရတာမဟုတ်လား။ မြတ်စွာဘုရား ကလည်း အဲဒါပဲ။ ကုသိုလ်လုပ်၊ အကုသိုလ်မလုပ်နဲ့။ ဘာဖြစ်လို့ မိဘက သားသမီးကို ဒီအလုပ်မလုပ်နဲ့။ ဒီလူနဲ့ မပေါင်းနဲ့လို့
ဘာလို့ ပြောရတာတုန်း။ မိဘက သိနေတယ်။ ဒီအလုပ်လုပ်ရင်၊ ဒီလူနဲ့ ပေါင်းရင် ဒုက္ခ ရောက်လိမ့်မယ်
ဆိုတာ သိတယ်။ ဟော ဒီအလုပ်လုပ်ပြီး ဒီလူနဲ့ပေါင်းလို့ ရှိရင် ချမ်းသာသုခရမယ်ဆိုတာ သိတယ်။
အဲဒီတော့ သိလို့ လမ်းညွှန်တာ၊ အဲဒီအတိုင်းပဲ။ မြတ်စွာဘုရားက လမ်းညွှန်တယ်ဆိုတာ အဲဒီ သဘောပါ။
အဲဒီတော့ အင်မတန်မှ ကျေနပ်စရာ ကောင်းတယ်။ ဘုရားက မဖြစ်နိုင်တာကို အာမခံတာတွေဟာ ဟုတ်မှ
မဟုတ်တာလေ။အာမခံတာဆိုတာ ပါးစပ်ပြောတော့ ဖြစ်တာချည်းပေါ့။အဲဒီတော့ အပြောလေးနဲ့တင်
လူတွေဟာ လွမ်းနေကြတာ။ တကယ် အနှစ်သာရ စဉ်းစားဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်ဆိုရင် လက်မခံဘူး။
စဉ်းစားဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်တွေက အဲဒီလို အပြောသက်သက်ကို လက်မခံဘူး။ လက်တွေ့ကျမှ လက်ခံတာ။ ဒါကို သိပ္ပံဆရာတွေ၊ ကြောင်းကျိုးဆင်ခြင်တတ်တဲ့ လူတွေက သူတို့အနေနဲ့
ဘာသာတရားကို ရွေးချယ်ရင် ဗုဒ္ဓဘာသာပဲ ရွေးချယ်မယ်လို့ ပြောကြတာ။အဲဒါကြောင့် မိရိုးဖလာအရ
တခြားဘာသာကို ကိုးကွယ်နေပေမယ့်လို့ အကယ်၍သာ ဘာသာတရား တစ်ခု မဖြစ်မနေ
ကိုးကွယ်ရမယ်ဆိုရင် ဗုဒ္ဓဘာဘာပဲ ဖြစ်မယ်တဲ့။ ဘာဖြစ်လို့တုန်းဆိုရင် ကြောင်းကျိုးဆင်ခြင်တုံတရား၊
ကိုယ့်အားကိုယ်ကိုးတဲ့ အနေအထားတွေ အပြည့်အဝရှိလို့ပဲပေါ့။ တကယ် လက်တွေ့ဖြစ်နိုင်တာကို မြတ်စွာဘုရားက ဟောတာ။ ဒါက ဘုရားကို ကိုးကွယ်တယ်ဆိုတာ
မြတ်စွာဘုရားက အခြေအနေကောင်းတွေ ဖြစ်ပေါ်လာအောင် လမ်းညွှန်ပေးတယ်။
အခြေအနေဆိုးတွေက နောက်ဆုတ် ဖယ်ရှားစေတယ်ဆိုတဲ့ ဒီအချက်နှစ်ချက်နဲ့ ဘုရားကို အားကိုးတာ။
တရားကို ကိုးကွယ်တယ်ဆိုတာကျတော့ တရား ကမှ ကိုယ့်ဆန္ဒပြည့်ဝစေမှာ။တရားဆိုတာ
အပြင်မှာ သွားမစဉ်းစားနဲ့။ ကိုယ့်သန္တာန်မှာရှိတဲ့ ကောင်းမြတ်တဲ့ သဘာဝတွေ၊ ကိုယ့်သန္တာန်မှာဖြစ်အောင် လုပ်ရမယ်။ဆိုပါစို့။ ကောင်းတာတွေစားလို့ ကိုယ့်ခန္ဓာကိုယ်မှာ သွေးသားတွေ သန့်စင်ပြီးတော့ အင်အားတွေ ရှိလာတာဟာ အပြင်ကလာတာမှ မဟုတ်တာ။ ကိုယ့်သန္တာန်မှာ ဖြစ်တာပဲလေ။
ကိုယ့်သန္တာန်မှာ အင်အားရှိတယ်။ ကျန်းမာလာတယ်။ သန်စွမ်းလာတယ်ဆိုတာ ဘယ်သူရတာတုန်း။ ကိုယ်ပဲရတာပဲလေ။ အဲဒီ ကျန်းမာသန်စွမ်းမှု၊ အင်အားပြည့်မှုက ဆင်းရဲဒုက္ခတွေကို ဖယ်ရှားသွားနိုင်တာပဲပေါ့။ အဲဒါလိုပဲ တရားဓမ္မဆိုတာ ကိုယ့်ရဲ့ရင်ထဲ၊နှလုံးထဲမှာ ဖြစ်လာတဲ့တရားတွေဟာ ကိုယ့်ရဲ့ ဒုက္ခ၊သုက္ခတွေကို တွန်းလှန်ဖယ်ရှား သွားနိုင်တယ်ပေါ့။ ဒုက္ခ မရောက်အောင် ဖယ်ရှားသွားနိုင်တယ်။ အဲဒီတော့ တရားက ကိုယ့်ကို စောင့်ရှောက်သွားတယ်။ ကယ်တင်သွားတယ် ဆိုတာ အဲဒီ အဓိပ္ပာယ်ကိုပြောတာ။ ကိုယ့် ရင်ထဲ၊နှလုံးထဲမှာ စိတ်ကောင်း၊ နှလုံးကောင်းတွေ ထားခြင်းပဲ။
လောကမှာ လူတွေက အမှတ်တမဲ့နေလို့ပါ။ သိချင်ရင် ကြည့်ကြည့်ပေါ့။ဒီလူက စိတ်ကောင်း
ရှိတယ်။ဒီလူက စိတ်ကောင်းမရှိဘူး။ အဲဒီတော့ စိတ်ကောင်း မရှိတဲ့လူကိုမပေါင်းနဲ့။ ဒီလူက စိတ်ကောင်း ရှိတယ်။ဒီလူနဲ့ ပေါင်း ဆိုတာ။ ကဲ ကောင်းကျိုးချမ်းသာတွေ ပေးဖို့ရာအတွက် စိတ်ကောင်းရှိတဲ့လူက ပိုအခွင့်အရေးတွေရပြီး စိတ်ကောင်းမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ခါပဲ။ နောက်ထပ် အပေါင်းအသင်း မဖြစ်တော့ဘူးပေါ့။ ဒါက တရားပဲလေ။ တရားဆိုတာ အဲဒါကိုပြောတာနော်။ သူ့ရဲ့ စိတ်ကောင်း၊နှလုံးကောင်းက သူ့ကို ကောင်းကျိုး ချမ်းသာရစေတယ်။ နောက်တစ်ခါ ပညာ။ဒီလူက ပညာတတ်တယ်။ ဟိုလူက ပညာမတတ်ဘူး။ဟော ပညာတတ်တဲ့လူကို ရွေးချယ်ပြီးတော့ အလုပ်ပေးတယ်။ဒါ ပညာက သူ့ကို ဆောင်ကြဉ်းသွားတာပဲလေ။ ဒီပညာက အပြင်က လာတာမှ မဟုတ်တာ။ သူ့ရင်ထဲ ဖြစ်တာ။ ဒီလူကတော့ ပညာမဲ့တယ်ဆိုတာ ဟော၊ ပညာမရှိလို့ သူ့မှာ ဆောင်ကြဉ်းမယ့် ပုဂ္ဂိုလ်မရှိဘူး။ ဒီလို လက်တွေ့ကျင့်သုံးတဲ့ ဓမ္မ။ ကိုယ့်သန္တာန်မှာရှိတဲ့ ဓမ္မက ဒီလူက ကိုယ်ကျင့်တရား ကောင်းတယ်။ဒီလူက ကိုယ်ကျင့် တရား မကောင်းဘူး။ အလုပ်ရှင်တွေက ရွေးရင် ကိုယ်ကျင့်တရား ကောင်းတဲ့ လူကိုပဲ ရွေးမှာပေါ့။ကိုယ်ကျင့်တရား မကောင်းတဲ့လူ မရွေးဘူး။ ဟော၊ ကိုယ်ကျင့်တရား ကောင်းတဲ့လူက အလုပ်ရသွားတာ။ ဘာဖြစ်လို့ အလုပ်ရလဲ၊။ကိုယ်ကျင့်တရား ကောင်းလို့
ရသွားတာ။ ဒါက သူကျင့်တဲ့တရားက သူ့ကိုကယ်ထုတ်သွားတယ် လို့ ခေါ်တယ်။ ဒါ လက်တွေ့
ကယ်နိုင်တာက ကိုယ်လုပ်တဲ့အလုပ်က ကိုယ့်ကို ကယ်တယ်ဆိုတဲ့ အဓိပ္ပာယ်။
သံဃာဆိုတာ သံဃာနဲ့ပတ်သက်လာပြီးတော့ ဘာပြောတုန်း ဆိုတော့ “အပ္ပကာနံပိုကာရာနံ ဝိပုလ
ဖလ ပဋိလာဘ ကရဝေဏန”မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေက အခုလို ဓမ္မကို ပြည့်ပြည့်ဝဝ
ကျင့်သုံးလိုက်တဲ့အခါမှာ ကုသိုလ်ကောင်းမှုပြုဖို့ရာ တကယ့်ကိုအကောင်းဆုံး မြေကွက်ကြီးတစ်ခုလို
ဖြစ်သွားတယ်။ အဲဒီတော့ ကုသိုလ်ရှင်တွေက ညောင်စေ့လေးလောက် လှူလိုက်ရင်
ညောင်ပင်ကြီးလောက်ရတယ် ဆိုတာလို အကျိုးရသွားတယ်။ ဥပမာမယ် မြေကောင်းပြီဆိုလို့ရှိရင်
မြေမကောင်းတာ ဆယ်ဧကစိုက်တာနဲ့ မြေကောင်း တစ်ဧကစိုက်တာ တူမှမတူပဲ။
အသီးအနှံထွက်တာချင်းလေ။ အဲဒါလိုပဲ ကုသိုလ်ကောင်းမှု လုပ်လိုက်တဲ့အခါမှာ
သံဃာဆိုတာကို အာရုံပြုပြီးတော့ လှူလိုက်လို့ ရှိရင် သူက မြေကောင်းမှာ စိုက်လိုက်ရတဲ့ သီးနှံလိုပဲ။
အဆပေါင်းမြောက်မြားစွာရတယ်တဲ့။ အဲဒီ အကျိုးရနိုင်စေဖို့ သံဃာကို ကိုးကွယ်တယ်ဆိုတဲ့
အဓိပ္ပာယ် ရတယ်ပေါ့။ ဒါကြောင့် သံဃာ့ဂုဏ်မှာ “အနုတ္တရံ ပုညက္ခေတ္တံ လောကဿ”တဲ့။
ကဲ၊ စဉ်းစားကြည့်လေ။ လောကလူသားတွေ ဘယ်ဘာသာပဲ ဖြစ်ဖြစ် ဒါနကို အသိအမှတ်ပြုကြတယ်နော်။
ဘယ်ဘာသာပဲဖြစ်ဖြစ် ရှိတယ်။သို့သော် ဒါနကို အသိအမှတ်ပြုလို့ ဒါနလက်ခံတဲ့ ပုဂ္ဂိုလ် ရွေးချယ်တဲ့နေရာမှာ ကွာခြားသွားတယ်။ ဒါန ကောင်းမှုလုပ်ကြတယ်။နိုင်ငံခြားက လူတွေလည်း
လုပ်တာပဲ။ အဲဒီတော့ ဒါနကောင်းမှု ရွေးချယ်ပြီးတော့ ပြုတဲ့အခါမှာ ဒီ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေဟာ မြေကောင်းနဲ့အလားတူသည့်အတွက်ကြောင့် သံဃာကို
ရွေးချယ်ပြီး လုပ်လိုက်တဲ့အခါမှာ အလှူရှင်တွေဟာ အဆပေါင်းမြောက်မြားစွာ အကျိုးပေးသွားတယ်။
ဒါက လောကလူသားတွေကာ လက်တွေ့အနေနဲ့တော့ မသိနိုင်ဘူး။ နတ်ပြည်ရောက်သွားတဲ့အခါကျတော့
အလွန်ကွာခြားသွားတယ်တဲ့။ကံကိုအမှီပြုပြီး အကျိုးခံစားကြရတဲ့ နတ်တွေ ကျတော့ ပိုပြီးတော့သိတယ်။ မြတ်စွာဘုရား သာသနာမထွန်းကားခင်က နတ်ပြည်ရောက်လာတဲ့
နတ်တွေရယ်၊နတ်သား နတ်သမီးတွေရယ်၊ ဘုရားသာသနာ ပွင့်ပြီးတော့မှ နတ်ပြည်ရောက်လာတဲ့ နတ်သား၊နတ်သမီးတွေရယ် အလွန်ကွာတယ်လို့ ပြောတယ်နော်။ ရုပ်ရည်ရူပကာ အရလည်း ကွာခြားတယ်။ သက်တမ်းလည်းပဲ သက်တမ်းရှည်ကြာမှု၊ ကျန်းမာမှုတွေလည်း ကွာခြားတယ်။
စွမ်းရည်သတ္တိတွေ ကွာခြားတယ်။ အဲဒါ ကွာခြားတာ ဘာကြောင့်တုန်းဆိုရင် မြေကောင်း၊ရေကောင်းပေါ်မှာ စိုက်ပျိုးရသလိုပဲပေါ့။ ဒါကတော့ မှန်တယ်လေ။ လူတွေမှာ ဒီအခြေအနေကောင်းတဲ့ အပေါ်မှာ
အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်တွေက ပိုပြီးတော့ ကောင်းတယ်ဆိုတာ ဒါမှန်တယ်၊ သေချာတယ်။
အေး၊ အကယ်၍ သံဃာမရှိဘူးဆိုရင် ဘယ်မှာကောင်းမှုပြုမလဲဆိုရင် လမ်းဘေးတောင်းစားတဲ့ သူတောင်းစားပဲ လှူစရာ ရှိတယ်နော်။အဲ၊ သူတောင်းစားပဲ လှူစရာရှိတယ်။ ဟို မလှူရဘူး ပြောတာမဟုတ်ဘူး။သူတောင်းစားလည်း သူတောင်းစား အတိုင်းအတာနဲ့ အကျိုးပေးမှာပဲ။
ဘယ်သူ့ပဲဖြစ်ဖြစ် လှူပါ။ သို့သော် တုံ့ပြန်လာတဲ့ အကျိုးရတာချင်းက မတူဘူး။စိုက်ပျိုးတဲ့အခါမှာ
ကျတ်တီးကုန်းမြေပေါ်မှာ စိုက်တာနဲ့ မြေဩဇာကောင်းတဲ့ မြေပေါ်မှာ၊ စိမ့်စမ်း ရှိတဲ့မြေပေါ်မှာ စိုက်တာနဲ့ မတူဘူးလေ။ သီးနှံတွေ ထွက်တာ ကွာတယ်။ အဲဒီလို မတူညီတာကိုတော့ လက်ခံရမှာပဲပေါ့။
ဒါကြောင့်မို့လို့ ဘုရား၊ တရား၊ သံဃာ လို့ဆိုတာဒါ ကိုးကွယ်ကြရတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာ
ဖြစ်လာတဲ့အခါမှာ တို့တတွေ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်လာတယ်လို့ ဆိုပေမယ့်လို့၊ မိရိုးဖလာထက် လွန်လာအောင်လုပ်ဖို့ သတိထားတတ်ဖို့ အသိပညာ စဉ်းစားဉာဏ်ရှိဖို့ လိုအပ်တယ်ပေါ့။ အမှတ်တမဲ့ မနေသင့်ဘူး၊ စဉ်းစားရမယ်။ ။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment